Friday, October 29, 2021

" ထူးဆန်းအံ့ဖွယ် ရွှေနန်းလက်သုံးပုံ ပုရပ်ိုက် "

 

""""""""""""'""""""""""""""""""""""""""""""""""

         ရုပ်ပုံများရေးဆွဲ မှတ်တမ်းတင်ထားသော ကုန်း

ဘောင်ခေတ် ထူးဆန်းအံ့ဖွယ်အကြောင်းအရာများကို

ပြုစုထားသည့် ပုရပိုက်ကို 'ရွှေနန်းလက်သုံး ပုရပိုက်"

ဟုခေါ်ဆိုသည်။ ယင်းပုရပိုက်ကို မှတ်တမ်းပြုစုရေး

သားခဲ့သူမှာ မင်းတုန်းမင်းကြီး လက်ထက် တိုင်တား

မြို့စားဝန်ကြီး မင်းကြီးမဟာသီရသူရ ဘွဲ့ခံ ဦးကြီး ဖြစ်

ပါသည်။ ယင်းမှတ်တမ်းကိုပင် ကိုလိုနီခေတ်ဦးကာလ

၌ ဝက်မစွတ်မြို့စား ဝန်ထောက်ဟောင်းဦးလတ်။တံ

ဆိပ်ဝန်ဟောင်း၊အမိန့်တော်ရေးနှင့် စာရေးတော်ကြီး

တို့က ကုန်းဘောင်ခေတ်အတွင်း ထူးဆန်းအံ့သြစိတ်

ဝင်စားဖွယ်ရာအဖြစ်အပျက်တို့ကို ထပ်မံဖြည့်စွက်ရေး

သားခဲ့သည်။ မူရင်းပုရပိုက်ကို ယခုအခါ အင်္ဂလန်နိုင်ငံ

လန်ဒန်မြို့တော် ဓနသဟာယရုံး စာကြည့်တိုက်တွင်

ထားရှိပြီး ၁၉၅၂ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့တွင် ဆရာ

ကြီးဒေါက်တာသန်းထွန်း(ကွယ်လွန်)က ဓါတ်ပုံရ်ိုက်ကူး

ယူခဲ့ခြင်း ဖြစ်ပါသည်။ ဒေါက်တာသန်းထွန်း၏ သမိုင်း

ထဲက ဒီဇိုင်းစာအုပ်၌ ယင်းပုရပိုက်နှင့်ပက်သက်၍ 

အောက်ပါအတိုင်းမှတ်ချက်ရေးသားခဲ့သည်။

   "ရွှေနန်းလက်သုံးပုံ ဆိုတဲ့ ဆေးရေးပုရပိုက်ဖြူကြီး

တစ်ခုရှိတယ်။မင်းတုန်းမင်းလက်ထက်က တိုင်တား

မင်းကြီး ဦးကြီး(သီပေါမင်းလက်ထက်တိုင်တားမင်းကြီး

ဦးဘိုးမဟုတ်)က အစဉ်အဆက်မင်းသုံးမင်းဆောင်နဲ့

နန်းတွင်းအထွေအထူးဖြစ်သမျှတွေ တိုင်းပြည်တွင်းက

ထူးဆန်းတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ပြီး

ပန်းချီတော်တွေကို အရုပ်ရေးဆွဲခိုင်းတယ်။စာရေးတော်

တွေကို စာတမ်းဖြည့်ခိုင်းတယ်။ အဲ့ဒီအရုပ်ပုရပိုက်ကြီး

ကို တဆင့်တဆင့်ကူးကြတယ်။ အင်္ဂလိပ်တွေမန္တလေး

သိမ်းပြီးတဲ့နောက် ကင်းဝန်မင်းကြီးကျောင်းတိုက်ဆရာ

တော်တွေက ဝက်မစွက်ဝန်ထောက်မင်းကို မူတစ်ခုပွား

ခိုင်းတယ်။အဲ့ဒီမူဟာ နောက်ဆုံးတော့ ဘိလပ်ရောက်

သွားတယ်။ဘယ်ပုံဘယ်နည်းရောက်တယ်မသိပေမယ့်

လုံးဝပျောက်မသွားလို့ ကျေးဇူးတင်နေရတယ်။လန်ဒန်

မြို့ဓနသဟာယ (အရင်အန္ဒိယဆိုင်ရာ)ရုံး စာကြည့်တိုက်

မြန်မာမှတ်တမ်းအမှတ် ၉၉ ဟာ အဲဒီပုရပိုက်ကြီးပါပဲ။

ပုရပိုက်အစမှာ မင်းတုန်းမင်းကြီးလက်ထက် အဂ္ဂမဟာ

သေနာပတိ ဝန်ရှင်တော်အသည်ဝန်တိုင်တားမြို့စား ဝန်

ကြီး  မင်းကြီးမဟာသီဟသူရ(ဦးကြီး) ရေးမှတ်ရင်းပုံစံ

ကို ဝန်ထောက်တော် ဝက်မစွက်မြို့စားမင်းကြီး မင်းထင်

မဟာစည်သူ(ဦးလတ်)က ကြီးကြပ်ပြင်ဆင်ပြီး သီပေါ

မင်းလက်ထက် အဖြစ်အပျက်တွေပါ ပါဝင်အောင်ဖြည့်

စွက်ရေးဆွဲစေတဲ့အတွက် တံဆိပ်ဝန်မင်းလှရာဇကျော်

ထင်၊ အမိန့်တော်ရေး မင်းထင်ဇေယျသူ၊ မင်စာရေး စာ

ရေးတော်ကြီး သီရိနော်ရထာတို့ရေးကြတာ ၁၈ ရက်

မတ်လ ၁၈၉၄ခုနှစ်မှာ ပြီးစီးအောင်မြင်တယ်လို့ရေးသား

ပါရှိပါတယ်။"

       ( ဒေါက်တာသန်းထွန်း၏သမိုင်းထဲကဒီဇိုင်း စာ-၆၉)

       ထူးဆန်းအံ့သြဖွယ် ရွှေနန်းလက်သုံးပုံ ပုရပိုက်ပါ

အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။


" ဆင်ဖြူရှင်မင်း လက်ထက် (၁၇၆၃ - ၁၇၇၆ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။ အင်းဝမြို့ အနောက်ဘက် ခရမ်းပေါက်အရပ်တွင်

     နေထိုင်သောအမျိုးသမီးတစ်ဦး၏ ဝမ်းမှ ငါးအများ

      အပြားမွေးဖွားခဲ့သည်။

၂။ ဧရာဝတီမြစ်အတွင်းမှ ရေသူမပေါ်လာသည်။


" ဘိုးတော်ဘုရား လက်ထက် ( ၁၇၈၁ - ၁၈၁၉ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။ အမရပူရမြို့တော်၏ အနောက်ပြင် ဝါးတန်းရပ်တွင်

     နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဘီလူးငယ်အသေ

     တစ်ကောင် မွေးဖွားခဲ့သည်။

၂။ ရှိန်းမကားရွာနေ အမျိုးသမီးတစ်ဦး၏ ဝမ်းမှ ငါး

    ကောင်ရေ အမြောက်အများ မွေးဖွားခဲ့သည်။

၃။ ဧရာဝတီမြစ် အတွင်းမှ ရေသူမပေါ်သည်။

၄။ အမရပူရမြို့တော်၌ နန်းတော်ကြီးတည်ဆောက်ရန်

     နန်းတော်ကြငှန်းတိုင် တွင်းတူးရာမှ မြေကျင်းအတွင်း

     ငါးစင်ရိုင်း အဖိုအမ နှစ်ကောင်ကို ရရှိသဖြင့် အင်းဝ

     နန်းတွင်း၌ စံနေသည့် ဘိုးတော်ဘုရားထံဆက်သရ

     သည်။

၅။ အိမ်ရှေ့စံ ရွှေတောင်မင်းသားကြီး နာမကျန်းဖြစ်နေ

     ခိုက် နန်းတော်ပြသာဒ်တော်ကြီးကို မီးတောက်မီးခိုး

     များကဲ့သို့ အများမြင်ကြရသည်။

၆။ ဘိုးတော်ဘုရား နတ်ရွာစံလုနီးအချိန်တွင် ထီးဖြူတော်

     အရောင် ညှိုးနွမ်းသွားပြီး ထီးဖြူစောင့်နတ်သမီး၏

     ငိုကြွေးသံကြားလိုက်ရသည်။ ထို့နောက် ဘုရင်မင်း

     မြတ် နတ်ရွာစံလွန်သွားပြီးနောက် ထီးဖြူတော်ရောင်

     သစ်မြဲအတိုင်း သစ်လာခဲ့သည်။

၇။ အရှင်နန်းမတော်မိဖုရားခေါင်ကြီး မကျန်းမာတော်

     မူစဉ် ပြင်ဆင်တည်ထားသည့် အုန်းငှက်ပျောကန်

     တော့ပွဲစုံကို လူနှင့်မထိမကိုင်ပဲ နတ်တို့တွန်းလှဲပစ်

      သည်။

၈။ အရှင်နန်းမတော်မိဖုရားခေါင်ကြီး မကျန်းမာတော်မူ

     ခိုက် ဆက်သမြဲ ဆေးတော်ထည့်သည့်ခွက်သည် အလို

    အလျှောက် ကွဲအက်ပဲ့ထွက်သည်။

၉။ မင်းကွန်းပုထိုးတော်ကြီး၏    ဋ္ဌာပနာတိုက်အတွင်း၌

     ဋ္ဌာပနာရန် ပြင်ဆင်ထားသည့် ကြေးကန္နားဘောင်ထက်

     တွင် "သ၊သံ၊ပု၊က" အက္ခရာလေးလုံး ထင်ရှားစွာ ပေါ်

     ပေါက်လာသည်။

၁၀။ပရိတ်နာဆက်သည့် အဆောင်တော်၌ ရှိသော ရာဇ

      ပလ္လင်ရှေ့ရှိ သူငယ်တော်ရုပ်နှစ်ရုပ် တစ်ခုနှင့်တစ်ခု

      ထိုးသတ်ကြသည်။

၁၁။ကြောင်မကြီးတစ်ကောင်၏ နို့ကို ကြွက်ငယ်ငါးကောင်

      လာရောက် စို့ကြသည်။

၁၂။အမရပူရမြို့တွင် ငန်းဖိုနှင့်ခွေးမတို့ ကာလကြာရှည်

       စွာအတူသင့်မြတ်နေခဲ့ကြသည်။

၁၃။ဘိုးတော်မင်းတရား စက်တော်မူရာ သလွန်တော်အနီး

       ၌ ညအခါ နတ်တို့လာရောက်တင်လျှောက် စကား

       ပြောဆိုသံ ကြားရသည်။

၁၄။မြောက်နန်းမိဖုရား မကျန်းမာတော်မူခိုက် နတ်တို့

      ငိုကြွေးတင်လျှောက်သံ ကြားကြရသည်။

၁၅။ခရစ်နှစ် ၁၈၀၆ခုနှစ်တွင် နန်းမတော်ကြီး(မိဖုရား

      ခေါင်ကြီး)နတ်ရွာမစံမီ ယင်းနန်းမတော်ကြီးစံတော်

      မူရာ အဆောင်တော်၏ ကြငှန်းတိုင်များမှ ရေများ

      ပန်းထွက်လာခဲ့သည်။

၁၆။၎င်းင်းနှစ်၌ပင် မြောက်နန်းမိဖုရား နတ်ရွာမစံမီ မြောက်

       နန်းမိဖုရား၏ အဆောင်တော်တွင်း ကြငှန်းတိုင်မှ

       လည်း ရေများထွက်လာခဲ့သည်။

၁၇။ခရစ်နှစ် ၁၈၀၈ ခုနှစ်တွင် သားတော် အိမ်ရှေ့စံရွှေ

       တောင်မင်းသားကြီး ကံတော်မကုန်မီ အိမ်ရှေ့တော်

       ဆောင်မကြီး ကြငှန်းတိုင်များ ရေထွက်လာသည်။

၁၈။ခရစ်နှစ် ၁၈၁၉ ခုနှစ် ဘိုးတော်ဘုရား နတ်ရွာမစံ

      လွန်မီ နန်းတွင်းအဆောင်တော် ကြငှန်းတိုင်မှ ရေ

      များ ထွက်ကျလာခဲ့သည်။

၁၉။ မင်းကွန်းနန်းတော်တွင် မြေးတော်စစ်ကိုင်းမင်းသား

       ၏ ကြင်ရာတော်ဆင်ဖြူရှင်မယ် ကံမကုန်မီ သူ၏

       အဆောင်တော် တောင်စမုတ် လှေကားအဆင်းရှိ

       ကသစ်ပင် နှစ်ပင်မှ အခက်အလက်အရွက်များအား

      လုံး ကြွေကျခဲ့သည်။ ထို့ပြင် ငလျင်လည်း အကြိမ်

       ၃၀ ကျော် ၄၀ခန့်လှုပ်ခဲ့သည်။

၂၀။မင်းကွန်းနန်းတော်တွင် သီရိမလ္လာမဟာသုဘဒ္ဒါ 

      ရတနာဆင်ဖြူတော်မ (ရှင်နှင်းနွယ်)ကံမကုန်မီ ဆင်

      မင်းထားရှိရာ နန်းမြောက်ဘက်ရှိ ကသစ်ပင်နှင့်

      မြောက်ဥယျာဉ်တော်အတွင်းမှ ကသစ်ပင်နှစ်ပင်တို့

      ၏ အရွက်များမှ ရေပေါက်အများအပြားကျလာရာ

      ထားဝယ်အမှု့ထမ်းတို့က ဗန်းကြီးဗန်းငယ်တို့ဖြင့်

      ခံထားကြရ၏။(ရေပေါက်များကျရာ အခြားကသစ်

      ပင်နှစ်ပင်လည်း ရှိသေးရာအပင်များပုံကို ဖော်ပြ

      ထားပါသည်။)

၂၁။ခရစ်နှစ် ၁၈၀၈ခုနှစ်တွင် သားတော်အိမ်ရှေ့မင်း 

      ကံမကုန်မီ အမရပူရမြို့ရန်နှင်တံခါး လမ်းမြောက်

      ဘက်နှင့် မြို့အနောက်ဘက်ဓါတ်နန်းရပ် အိမ်တော်

      ရာရှိ မန်ကျည်းပင်နှစ်ပင်တို့တွင် လိပ်ပြာများဝိုင်းအုံ

      ပျံတက်နေကြသည်။

၂၂။ဘိုးတော်ဘုရား လက်ထက် အမရပူရမြို့အနောက်

      တောင်ထောင့် ရွှေလင်းပင်ဘုရားတံတိုင်းအတွင်းရှိ

      ဆင်ချိုးထားခံရသော ညောင်ပင်မှ အကိုင်းအခက်

      ညွန့်များ လျင်စွာထွက်၍ ပွင့်ခဲ့သည်။

၂၃။ဘိုးတော်ဘုရားလက်ထက် မိုးကောင်းဒေသတွင် ထူး

      ဆန်းသော ကျွန်းပင်ကြီးနှစ်ပင်ရှိခဲ့သည်။ယင်းကျွန်း

     ပင်တို့မှာ မိုးကောင်းမြို့အရှေ့မြောက်ယွန်းယွန်း ခရီး

     တာ သုံးသောင်းကျော်အကွာ မြစ်မ,ဆုံအလယ်၌ 

     ချောင်းခြားလျှက် ပေါက်ရောက်နေကြပြီး လုံးပတ်မှာ

     အတော်အတန်ကြီးမားကြ၏။ ထူးခြားသည်မှာ ကျွန်း

     ပင်ကြီးနှစ်ပင်သည် နေ့ဘက်တွင် ပုံမှန်အတိုင်းရှိကြ

     သော်လည်း နေဝင်ချိန်နောက်ပိုင်းမှစ၍ ညဉ့်အခါများ

     ၌ တစ်ပင်နှင့်တစ်ပင် ချောင်းကမ်းသို့ကွေးညွတ်ကာ

     ထိယှက်နေကြသည်။ ယင်းကျွန်းပင်နှစ်ပင်ပုံကို

     မိုးကောင်းမြို့ဝန်က ပုရပိုက်ထက်တွင် ကူးယူရေး

     ဆွဲစေပြီး နန်းတွင်းသို့ ပေးပို့ခဲ၏။

၂၄။ဘိုးတော်ဘုရား လက်ထက် ၁၈၀၇ခုနှစ်မေလတွင်

      အမရပူရမြို့၌ မိုးသည်းထန်စွာရွာသွန်းရာမှ ရှောက်

      သီး သံပုရာသီး ဇီးသီး ကွမ်းသီးစသည့် အရွယ်ခန့် ရှိ

      မိုးသီးများ ကျရောက်ခဲ့ရာ မြင်း ကျွဲ နွား ဆိတ် ဝက်

      ကြက် စသည့်တိရစ္ဆာန်များ သေကျေပျက်စီးကြရ၏။

၂၅။ဘိုးတော်ဘုရား လက်ထက်တွင် ကောင်းကင်ထက်မှ

      ကြယ်များအများအပြား တက်သေးအင်းအတွင်း ကြွေ

      ကျသကဲ့သို့ တွေ့မြင်ရသည်။(ဘကြီးတော်ဘုရား

      လက်ထက်တွင်လည်း ယင်းသို့ မြင်တွေ့ခဲ့ရဘူး၏။)

၂၆။ဘိုးတော်ဘုရား လက်ထက် အိမ်ရှေ့စံရွှေတောင်မင်း

      သားကြီး မကျန်းမမာဖြစ်စဉ် မိုးကောင်းကင်ထက်၌

      သွေးရောင်ကဲ့သို့ တစ်ခွင်တစ်ပြင်လုံး ရဲရဲနီနေသည်

      ကိုတွေ့မြင်ရသည်။

၂၇။ဘိုးတော်ဘုရားလက်ထက် အတုလဆရာတော်ကြီးကို

       မောင်းကြော်လှည့်ရာတွင် နေ့ခင်း၃နာရီအချိန်ခန့်

       ဖြစ်သည့်တိုင် ကောင်းကင်ပြင်မည်းမှောင်လျှက် မိုး

       ကြိုးကျပြီး ကြယ်လများပေါ်ထွက်ခဲ့သည်။(အတင်

       ဂိုဏ်းအရုံဂိုဏ်း ဝိဝါဒကွဲပြားရာ ရှုံးနိမ့်ခဲ့သောအတင်

       ဂ်ိုဏ်း၏နာယကဆရာတော် အလောင်းမင်းတရား

       ကြီးလက်ထက်သာသနာပိုင် အတုလဆရာတော်)


" ဘကြီးတော်(စစ်ကိုင်း)မင်းလက်ထက်(၁၈၂၇-၁၈၃၇)"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  အမရပူရမြို့တွင် နေထိုင်သည့် ဦးမိုး၏နေအိမ်မှ အ

      ခိုင်းအစေအမျိုးသမီးတစ်ဦးဖြစ်သူ မိမဲ သည် ဘီလူး

      အသေလေးတစ်ကောင်ဖွားမြင်ခဲ့၏။

၂။  အင်းဝမြို့၏အရှေ့ဘက်ဒုဋ္ဌဝတီ(မြစ်ငယ်)မြစ်အတွင်း

      ၌ ရေသူမပေါ်ခဲ့သည်။

၃။  အင်းဝမြို့ရှိ သီပေါမင်းသားနေထိုင်ရာဝင်း၏ အ

      နောက်ဘက် ရေကန်ဟောင်းအတွင်း ညဘက်မိုးရွာ

      သွန်းမှု့ကြောင့် ရေများပြည့်လျှံနေရာ နံနက်ပိုင်း၌

      အမောက်လည်ဆံအစုံနှင့် နဂါးငယ်ငါးကောင်ပေါ်

      ထွက်လာခဲ့သည်။

၄။  အင်းဝမြို့အရှေ့မျက်နှာ ဒုဋ္ဌဝတီမြစ်လေးထောင့်ဝဲ

      အရပ်တွင် လုံးပတ်ထွာဆိုင်ခန့်ရှိသော နဂါးတစ်

      ကောင် ထွက်ပေါ်လာခဲ့သည်။

၅။  ဒုဋ္ဌဝတီမြစ်အတွင်း ညံကောင်ပေါ်ပေါက်ခဲ့သည်။

      (ပုံတွင် လှိုင်းတွန့်ကလေးများသဏ္ဍာန်မျဉ်းကောက်

       လေးများဖြင့် ရေးဆွဲဖော်ပြထား၏။)

၆။  တောင်တွင်းကြီးမြို့၌ ကျောချင်းဆက်အမွှာ ဖွားမြင်

      ခဲ့ရာ သုံးရက်မြောက်နေ့တွင် ကွယ်လွန်ခဲ့သည်။

၇။  ရတနာပူရ(အင်းဝ)မြို့ ယပ်တန်းမှ ကလေးသူငယ်

      တစ်ဦးသည် မွေးရာပါ ဦးခေါင်းအဆမတန်ကြီးမား

      လွန်းနေသူဖြစ်၏။

၈။  ပရိတ်နာဆက်ဆောင်တော်တွင် နတ်က ကိုယ်ထင်ပြ

      ခဲ့သည်။(ဤတွင် နတ်၏ပုံမှာ ဗောင်းစနှစ်စဝတ်၊ထိုင်

      မသိမ်းအကျီ င်္၊ အချိတ်ပုဆိုးဖြင့် သာမန်မင်းညီမင်း

      သားပုံစံမျှသာ တွေ့ရသည်။)

၉။  အင်းဝနန်းထက်၌ ပြသာဒ်ထုပိကာမကျမီ ၁၀ရက်

       အလိုက ညဘက်တစ်ချက်တီးကျော် ၆မောင်းအချိန်

       (ည ၉နာရီကျော်)တွင် နန်းတွင်းရှိ မဟာဂီရိနတ်

       ကွန်းမှ နတ်ကွန်းစောင့် နတ်ကြီးသုံးပါးလမ်းလျှောက်

       ၍ ဇေတဝန်ဆောင်တော်သို့ ဝင်သွားသည်ကို တွေ့

       မြင်ကြရ၏။

၁၁။ အင်းဝနန်းတော်၌ မိုးသေးမိုးဖွဲရွာပြီးနောက် မိုးကြိုး

       မခမီ ပရိတ်နာဆက်ဆောင်တော်အတွင်းတွင် နတ်

       ပျို တစ်ပါးက ကိုယ်ထင်ပြခဲ့သည်။

၁၂။ အင်းဝမြို့တော်တောင်ဘက် ငွေစင်ချောင်းအနီးနေ

       ရွှေဓားမှုးငွေခွန်ဝန် ဦးမှုံ၏ ခြံဝင်းအတွင်းရှိ ရေတွင်း

        မှ မီးတောက်မီးလျှံ များ ထွက်ခဲ့သည်။

၁၃။ အင်းဝမြို့အနောက်ရွာတွင် ထန်းပင်တစ်ပင်တည်း

        မှ ထန်းပင်အကိုင်းကြီးနှစ်ခွခွဲ ပေါက်နေသည်။

၁၄။ အင်းဝမြို့ဆရာတော်ဦးတိုးကျောင်းတိုက်ဝန်းအ

       တွင်းရှိ ငှက်ပျောပင်တစ်ပင်မှာ အမြင့်သုံးတောင်ခန့်

       ရှိပြီး အခိုင်ငါးခိုင်၊အဖူးငါးဖူးထွက်နေသည်။

၁၅။ အင်းဝမြို့ ရေနံချောင်းမင်းသား နေအိမ်ဝင်းအတွင်း

       ရှိ ရေကန်တွင် ကြာနီပန်းများ ၅ဆင့် ၄ဆင့် ၃ဆင့်

       အပင်သုံးမျိုးပွင့်နေသည်ကို တွေ့ရှိရသည်။

၁၆။ ဘကြီးတော်မင်းတရား နာမကျန်းဖြစ်နေစဉ် လိပ်ပြာ

       များမိုးကောင်းကင်အပြည့် ပျံသန်းသွားကြသကဲ့သို့

       စစ်ကိုင်းဘက်မှ အင်းဝကိုဖြတ်ပြီး တောင်ဘက်သို့

       စာငယ်များ မိုးကောင်ကင်အပြည့် ပျံသန်းသွားကြ

      ကုန်သည်။

၁၇။ ခရစ်နှစ် ၁၈၂၄ခုနှစ် အင်္ဂလိပ်တို့နှင့်နယ်စပ်ပြဿ

        နာဖြစ်ပွားကာ ရှင်မဖြူကျွန်းပိုင်ဆိုင်မှု့နှင့်ပက်သက်

        ၍ အရေးစကားပြောဆိုမှု့မပြီးပြတ်သေးခင် အင်းဝ

        ၌ လေပြင်းမုန်တိုင်းကျရောက်ပြီး မိုးသည်းထန်စွာ

        ရွာသွန်းလျှက် ရွှေနန်းပြသာဒ်တော်ကြီး၏ သတ္တမ

        ဘုံ ထုပိကာ ထီးနှင့်တကွ ကျိုးပျက်ကာ အနောက်

         တောင်ဘက်သို့ လျှောကျခဲ့လေသည်။

၁၈။ အင်းဝနန်းတွင်း မြင်းရထားတော်ထားသည့် ရထား

        တိုက်တော်အတွင်းရှိ မြင်းရထားမှာ ညအချိန်  မီး

        တောက်မီးလျှံကဲ့သို့ ဝင်းထိန်တောက်ပြောင်နေခဲ့

        သည်။

၁၉။ ဘကြီးတော်မင်းနန်းကျသွားပြီးနောက် နန်းတော်မှ

        ဆင်းရကာနီးအချိန်တွင် ထီးဖြူတော်ညစ်နွမ်းလျှက်

        ထီးစောင့်နတ်သမီး၏ ငိုကြွေးသံကြားရ၏။ ဘကြီး

        တော်မင်း နန်းကျပြီးသောအခါမှ ထီးဖြူတော်မူလ

        အရောင်အတိုင်း ပြန်လည်သစ်လွင်လာသည်။

၂၀။ ပဟိုရ်စင်တော်မှ ညနေသုံးချက်တီး ပဟိုရ်တီးခတ်

       ဆဲတွင် ခေါင်းလောင်းတော်အသံ ရုတ်တရက်ပျောက်

       သွားကာ သုံးရက်ကြာမှ အသံပြန်ထွက်လာ၏။

၂၁။ ညဉ့်အခါမိုးသည်းထန်စွာ ရွာသွန်းပြီး အင်းဝနန်းတွင်း

      မှန်နန်းဆောင်လက်ဝဲဘက်ရှိ ကွမ်းစင်တိုင် နှစ်တိုင်

      ကို မိုးကြိုးပစ်ခဲ့၏။

၂၂။ ဘကြီးတော်မင်း နန်းတက်လုနီးအချိန်တွင် တက်သေး

      အင်းအတွင်းထားသည့် တောင်လုံးမှိုင်းခတ်လှေတော်

      မြောက်အရပ်သို့ ဝါးဆယ်ပြန်မျှ အလိုလိုဆန်တက်

      သွားသည်။

၂၃။ ဘကြီးတော်မင်းတရား နာမကျန်းဖြစ်တော်မူစဉ် ရှင်

       ဖြူဘုရား ရုပ်ပွားတော်မြတ်မှာ မျက်နှာတော်မှစ၍

       ကိုယ်တော်အလုံး အမည်းရောင်သန်းလာခဲ့သည်။

၂၄။ ဘကြီးတော်မင်း နာမကျန်းဖြစ်စဉ် မဟာမုနိရုပ်ပွား

       တော်မြတ်မှ ချွေးများယိုစီးကျလာခဲ့သည်။

၂၅။ ဘကြီးတော်မင်းလက်ထက် ရတနာပူရ အင်းဝမြို့

       တော်တွင် နံနက်ပိုင်း၌ နေမင်းကြီးသည် အရံနေ

       တစ်စင်းနှင့်တကွ နှစ်စင်းပြိုင်ထွက်ပေါ်ခဲ့သည်။

၂၆။ ဘကြီးတော်မင်းလက်ထက် နေထွက်လာချိန်တွင်

       နေဝန်း၌ အနီ အပြာ အဝါ အစိမ်း ရောင်များထင်နေ

       သည်ကို တွေ့ရ၏။

၂၇။ ဘကြီးတော်မင်းလက်ထက် မိုးကောင်းကင်တစ်ခွင်

       လုံး မိုးတိမ်များသွေးအရောင်ကဲ့သို့ရဲရဲနီနေသည်

       ကိုတွေ့ရ၏။

၂၈။ ဘကြီးတော်မင်းလက်ထက် ကြယ်တံခွန်နှစ်စင်းကို

       တစ်ပြိုင်နက် တွေ့မြင်ကြရသည်။

၂၉။ နေ့ခင်းဘက်တွင် ကြယ်နှင့် လ တို့ အတူထွက်ပေါ်

       လာသည်ကို တွေ့မြင်ကြရသည်။

၃၀။ ဘကြီးတော်မင်းလက်ထက် အာသံမဏိပူရ ဂေါ်ရ

        ခေါင်မြို့၌ အမှု့ထမ်းနေသောဗိုလ်မှုးမဟာသီလဝ

        က ကရဝိတ်ငှက်အသေတစ်ကောင်ရရှိသဖြင့်ရွှေ

        နန်းတော်သို့ အရောက်ဆက်သသည်။


" သာယာဝတီမင်း လက်ထက် (၁၈၃၇-၁၈၄၆ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  သာယာဝတီမင်းလက်ထက် မင်းကြီးနာမကျန်းဖြစ်

      စဉ် ရွှေနန်းတော်ဦးကျောင်းတော်ရှိ ရှင်ဖြူဘုရား၏

      မျက်နှာတော် ညိုမည်းနေခဲ့သည်။

၂။  သာယာဝတီမင်းနတ်ရွာစံလုနီး အချိန်တွင် မှန်နန်း

      တော် ဘမယာသနပလ္လင်ထက်၌ စိုက်ထူထားသည့်

      မနောဟရထီးဖြူတော် ညစ်နွမ်းနေပြီး ဘုရင်မင်း

      မြတ်နတ်ရွာစံလွန်ပြီးချိန်မှသာ မူလအတိုင်းပြန်လည်

      သစ်လွင်လာခဲ့သည်။

၃။  သာယာဝတီမင်း နာမကျန်းဖြစ်တော်မူစဉ် ဆက်သမြဲ

      ဖြစ်သည့် ဆေးတော်ခွက်ဖလား အလိုမလျောက် ကွဲ

      ပဲ့သွားခဲ့၏။

၄။  မင်းတဲ အရပ်၌ တောင်းထဲထည့်ထားသော ဆန်စေ့

      များက အပင်များစွာပေါက်လျှက်ရှိရာ လွှတ်တော်သို့

      အပင်ပေါက် ဆန်တောင်းလာရောက်ပြသဆက်သွင်း

      ခဲ့ရသည်

၅။  ၁၈၃၈ခုနှစ်တွင် ငလျှင်အကြီးအကျယ်လှုပ်၍ အမရ

      ပူရမြို့တော်၌ မြေကြီးများ အစိတ်စိတ်အမြွှာမြွှာကွဲ

      အက်ခဲ့သည်။

၆။  သာယာဝတီမင်းသည် မင်းသားအဖြစ်နှင့် အင်းဝမှ

      ရွှေဘို(ရတနာသိင်္ခ)သို့ ထွက်ခွာလုနီးအချိန်တွင် ဆန်

      ကောအတွင်း သိပ်ထားသည့် ကလေးငယ်က ထ၍

      ဟစ်ကြွေးသည်။

၇။  သာယာဝတီမင်း နန်းတက်လာပြီးနောက် သီပေါမင်း

      သား(ဦးမှေး) သည်တွန်မြည်သည့်အခါ အသံအလွန်

      ရှည်ရှည်တွန်တတ်သည့် ကြက်ဖမျိုးကို ရှမ်းပြည်နယ်

      မှရ၍ ဆက်သခဲ့သည်။

၈။  သာဝတီမင်း နာမကျန်းဖြစ်စဉ် ညအချိန်ပွဲတော်တင်

      ရာ ပွဲတော်အုပ်ကို အလိုမရှိသော နတ်တို့ကတွန်းချ

      မှောက်ပစ်ခဲ့သည်။(တချို့က ပွဲတော်အိုးသုံးလုံး ကို

      ရွှေဒေါင်းပေါင်နှင့် ယူသွားရာ ရွှေဒေါင်းပေါင် အုပ်

      ဆောင်းနှင့် ပွဲတော်အုပ်သုံးလုံးက စလောင်းများကို

      လွှင့်ပစ်ပြသည် ဆို၏။)

၉။  အမြင့်တစ်တောင်ခန့်ရှိသော ငါးလုံးတစ်ခိုင် သုံးလုံး

      တစ်ခိုက်သီးနေရာ မင်းအိုကျောင်းတိုက် ထီးလင်း

      ဆရာတော်ကျောင်းသို့ ပေးပို့ခဲ့သည်။

၁၀။အမရပူရမြို့ ပုခန်းမင်းကြီးဝင်းတော်၏ အရှေ့ဘက်

       ရှိ ဝန်စုရပ်နေ မောင်ဦးကာ၏ အိမ်ခြံဝင်းပေါက်ဝ

       တွင် လောင်မီးကျ၍ လည်ကျိုးနေသောစွန်ပလွံပင်မှ

       အညွန့်များထွက်လျှက် အသီးသီးသည်။

၁၁။ခရစ်နှစ် ၁၈၃၉ခုနှစ်တွင် အမရပူရမြို့တော်တွင်း

       အရှေ့တောင်ထောင့်ရှိ လက်နက်တိုက်တော်မီးသင့်

       လောင်ကျွမ်းသည်။

၁၂။သာယာဝတီမင်း နာမကျန်းဖြစ်စဉ် ကြယ်တံခွန်သုံး

      စင်းထွက်သည်ကို မြင်ကြရ၏။

၁၃။နေတွင် အဖြူအဝါအပြာအစိမ်း အနားလေးထပ်ဝန်း

       ရံလျှက်တွေ့မြင်ကြရ၏။


 "ပုဂံမင်း လက်ထက် (၁၈၄၆ - ၁၈၅၂ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  ပုဂံမင်းလက်ထက်တွင် အမရပူရမြို့တော်မြောက်ပြင်

      သာမိုးမြောက်ရပ်ရှိ သစ်ပင်တစ်ပင်ထက်၌ ကျီးကန်း

      တစ်ကောင်ခိုနားလေ့ရှိပြီး ယင်းကျီးကန်းက ဇရက်

      သံ၊ ကျေးသံ၊ ပုဇဉ်းသံ စသည့်အသံမျိုးစုံကိုအော်

      မြည်တတ်၏။၎င်းင်း ကျီးမျိုးမှာ မင်းတုန်းမင်းလက်

      ထက်အထိ ရှိနေခဲ့သည်။

၂။  ပုဂံမင်းလက်ထက်တွင် ပုခက်တွင်း၌ရှိသော ကလေး

      ငယ်လေးက မတ်တပ်ထရပ်ပြသည်။

၃။  ကြက်ဖတစ်ကောင်မှာ ပါရှိမြဲခြေနှစ်ချောင်းအပြင်

      ခြေပွားနှစ်ချောင်းထပ်၍ ထွက်နေသဖြင့် အားလုံး

      ခြေလေးချောင်းဖြစ်သည်ကို တွေ့ရ၏။၎င်းင်းကြက်ဖ

      ကို အမရပူရမြို့အရှေ့တောင်တောရ ဦးစန္ဒိမာ

       ကျောင်းတိုက်သို့ ပေးပို့လိုက်သည်။

၄။  ကျောကုန်းတွင် အမွှေးများစွာပေါက်နေသော လိပ်

       တစ်ကောင်ကိုလည်း တွေ့ရှိရသည်။

၅။  ပုဂံမင်းလက်ထက်တွင် တောင်သမန်အင်းအတွင်း၌

      အင်းရေပြင်မှ မဖြစ်စဘူး အစိမ်း အပြာ အညိုရောင်

      အဆင်းများဖြစ်ပေါ်ပြီး ငါးကြီးငါးငယ်များရေတွင်

      ပေါလောပေါ်ကာ သေဆုံးကြကုန်၏။ယင်းငါးများ

      ကို စားသုံးသူများလည်း ဘေးဥပဒ်ဖြစ်ကြရသည်။ 


"  မင်းတုန်းမင်း လက်ထက် ( ၁၈၅၂ -၁၈၇၈ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  မင်းတုန်းမင်း လက်ထက်တွင် မှိုပွင့်မှဘုရားရုပ်ပုံ

     ပေါ်လာသဖြင့် တစ်ထောင်ခန့်ရှိသောမှိုပွင့်အများ

     အပြားကို မြောက်အရပ်မှ ဆက်သလာသည်။

၂။  ရွှေတချောင်းအနီး ဦးခေါင်းနှစ်လုံးရှိသော ကလေး

    အသေတစ်ယောက်ကို မွေးဖွားပြီးစွန့်ပစ်ထားခဲ့သည်။

၃။  ခရစ်နှစ် ၁၈၇၇ခုနှစ်တွင် မန္တလေးတောင်အရှေ့ဘက်

      ကုသိုလ်တော် မဟာလောကမာရဇိန်ဘုရား အရှေ့

      မျက်နှာ မဟာရံ အရှေ့မုခ်အထွက် တောင်ဘက်ခြမ်း

      တွင် မိုးရွာသွန်းမှု့မရှိပဲ မဟာရံတံတိုင်အတွင်းရေ

      တသွင်သွင်စီးကျနေသည်ကိုတွေ့ရ၏။

၄။  မင်းတုန်းမင်း၏ မင်္ဂလာအ်ိမ်တော်တွင် မီးပူဇော်သည့်

      မာလိန်တိုင်မှ စက်သီးကြိုးပြုတ်ထွက်သွားသော်

      လည်း မှန်အိမ်အလုံး ၁၀၀ကျော်မှာ မြေသို့ပြုတ်မကျ

      ပဲ တည်မြဲတည်နေသည်ကို ထူးဆန်းစွာတွေ့ရသည်။

၅။  အမရပူရမြို့တော် တောင်ပြင်၌ အမြင့်တစ်တောင်ခန့်

      သာရှိသော မန်ကျည်းပင်ငယ်မှ အသီးများစွာသီးနေ

      သည်။

၆။  မင်းတုန်းမင်း ရတနာသိင်္ခမြို့(ရွှေဘို)၌ စံနေစဉ် နှင့်

      အမရပူရမြို့ စံနေစဉ်အခါက ကြယ်တံခွန်သုံးကြိမ်

      ထွက်ပေါ်ခဲ့ဖူးသည်။ရတနာပုံရွှေမြို့တော်၌ ပြောင်း

     ရွှေ့စံတော်မူစဉ် ကြယ်တံခွန်နှစ်ကြိမ်ထွက်ပေါ်သည်

      ကို ထပ်မံမြင်တွေ့ကြရပြီး ကြယ်တံခွန်များမှာ အမြီး

       ရှည်တန်းလျှက် တွေ့မြင်ရသည်။

၇။   ဒေါနခြံ ခေါ် ရွှေယင်းမာဥယျာဉ်တော် အတွင်း၌ အ

       ချိန်အခါမဟုတ် သရက်သီး၁၀လုံးသီးသဖြင့် မင်း

       တုန်းမင်းကြီးထံ ဆက်သလာသည်။

၈။  ရတနာပုံမြို့တော် အနောက်မျက်နှာ ပုဏ္ဏားစုရပ်၌

      ပိုးစာပင်တစ်ပင်၏  အရွက်များမှာ အန္ဒိယတိုင်းသူ

      တစ်ဦး၏ ဦးခေါင်းပုံ ရေးဆွဲထားသကဲ့သို့ တွေ့မြင်

      ကြရသည်။

၉။  မင်းတုန်းမင်း လက်ထက် ၁၈၅၇ခုနှစ်က အမရပူရ

      မြို့တွင် ဆင်ဖြူတော်(ဆဒ္ဒန်ဆင်မင်း)သေဆုံးလုနီး

      အချိန်၌ ရွာဟိုင်းစျေးရပ်ရှိ သဖန်းပင်နှင့်သရက်ပင် 

      တို့မှ ရေပေါက်များစီးကျလာကြောင်း သစ်တောဝန်

      ဦးရွှေတုတ်က လွှတ်တော်၌ လျှောက်ထားသည်။

၁၀။ခရစ်နှစ် ၁၈၇၈ ခုနှစ်က နေတွင်တံကျင်လျှိုထားသ

      ကဲ့သို့ တွေ့မြင်ကြရသည်။

၁၁။ခရစ်နှစ် ၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုံတိုင်မင်းသား

      များအရေးတော်ပုံ ဖြစ်ပွားစဉ် မှန်နန်းတော်ဆောင်

      အတွင်းရှိ ထီးဖြူမှာ ညစ်နွမ်းသွားခဲ့ရပြီး အရေးတော်

      ပုံပြီးဆုံးသွားမှသာ မူလအရောင်အတိုင်းပြန်လည်ဖြစ်

      လာလေသည်။

၁၂။မင်းတုန်းမင်းလက်ထက် ရတနာပုံမြို့တော်အရှေ့ပြင်

      ရပ်ရှိ ဆရာတော်ဦးကေတု၏ ဇီဝိတာရာမတောင်စလင်း

      တိုက်အတွင်းသို့ ကျားတစ်ကောင်ဝင်ရောက်လာသည်။

၁၃။မိုးကောင်းကင်မှ ဥက္ကာပျံကြီးတစ်စင်း အရှေ့မြောက်

      အရပ်မှ အနောက်တောင်အရပ်သို့ ဖြတ်သန်းဝဲပျံ

      သွားခဲ့သည်။

၁၄။ ကြာသာပတေးဂြိုလ် အနီရောင်ပြောင်းလာပြီး အခိုး

        အငွေ့များထွက်လာသည်ကို မြင်ကြရသည်။

၁၅။ ကြာသာပတေးဂြိုလ်နှင့် သောကြာကြယ်နှစ်ခုပြိုင်

       လျှက် လ အနီးသို့ချဉ်းကပ်လာသည်။


"  သီပေါမင်း လက်ထက် ( ၁၈၇၈ - ၁၈၈၅ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  သီပေါမင်း၏ မင်္ဂလာအိမ်တော်တွင် အိုးဖြင့်သိပ်ထား

      သော မုန်လာချဉ်ရွက်အိုးအတွင်းမှ မုန်လာဥနှင့်တ

      ကွ မုန်လာပင် အစိမ်းပင်ကို တွေ့ရှိရသည်။

၂။  စားသောက်ပြီးသား ပြောင်းဖူးအူတိုင်၏ အစေ့အိမ်     

      ကလေးများမှ အညှောင့်အညွန့်များ ထွက်လာသည်။

၃။  ညောင်ရေအိုးတွင် စိုက်ထားသည့် သွေ့ခြောက်ပြီး

      သား သပြေပန်းမှ အကိုင်းအခက်အညွန့်များ ထွက်

     ပေါ်လာခဲ့သည်။

၄။  ခရစ်နှစ် ၁၈၅၈ခုနှစ် သီပေါမင်းဖွားမြင်ပြီးနောက်

      ပုခက်တင်အခမ်းအနားတွင် အသုံးပြုခဲ့သည့် မင်္ဂ

      လာ ဧယဉ်ခုံ၌ ဗောဓိညောင်ပင်ပေါက်ရောက်သည်

     ကိုတွေ့ရသဖြင့် မဟာမုနိဘုရားဝင်းအတွင်းသို့ရွှေ့

     ပြောင်း စိုက်ပျိုးခဲ့ရသည်။

၅။  သီပေါမင်းသားဘဝက မင်္ဂလာအိမ်တော်တွင်စံနေ

      ရာမှ သုဓမ္မာဇရပ်သို့ထွက်ပြီး ပထမပြန်ဆိုသည့်

      အခါ ဆေးလိပ်ထုပ်ထားသောပုဝါကို စွန်ချီ၍ မြေ

      နန်းတော်ဦး၌ ချထားရစ်ခဲ့သည်။

၆။  သီပေါမင်းသား ပထမပြန်ဆိုတော်မူစဉ် သုဓမ္မာဇရပ်

      တွင် ခင်းကျင်းတီးယွန်းသော ဒိန္ဒိမဝိဇယစည်တော်

      ကြီးများအား ကြိမ်ဂန်ိုင်အမည်ရှိ ဆင်တော်ကအစွယ်

      ဖြင့် ဝင်ရောက်တိုးဝှေ့ခဲ့သည်။

၇။  ခရစ်နှစ် ၁၈၈၅ခုနှစ် သီပေါမင်းစံတော်မူစဉ်ကာလ

      တွင် နန်းတော်ဆောင်တော်ဦးဘုရားဘောင်ရှိ ညောင်

      ရေအိုးများတွင် စိုက်ထားသော သပြေပန်းများ အလို

      အလျောက် အောက်သို့လျှောကျခဲ့သည်။

၈။  ခရစ်နှစ် ၁၈၈၅နှစ်ဦးပိုင်းကာလ တွင် ရတနာသိင်္ခ

      (ရွှေဘို)မြို့ ဆင်ကွပ်ရွာ မြတ်စွာဘုရားရုပ်ထုတော်

      မှ သွေးများယိုစီးကျလာသည်။မဟာမုနိဘုရား

      ရောင်ခြည်တော်လွှတ်သည်။

၉။  နံတော်သင့်တည်တော်မူသော ရတနာပုံ မြို့တော်

      အရှေ့တောင်ထောင့် လောကရန်နှိမ်ဘုရားရှိ ခြင်္သေ့

      မှရေများစီးထွက်လာသည်။

၁၀။ခရစ်နှစ် ၁၈၈၅ခုနှစ်အတွင်း ညဉ့်အခါလွှတ်တော်

      အောက်မှ ခွေးများ ခြောက်လှန့်ပစ်ခတ်မနိုင်အောင်

      ကြိမ်ဖန်များစွာအူကြသည်။

၁၁။ခရစ်နှစ် ၁၈၈၅ခုနှစ်တွင် ဧရာဝတီမြစ်အတွင်းမှ

      မိကျောင်းတစ်ကောင်ဖမ်းဆီးရမိသည်။ကောင်းကင်

      ၌လည်း ကြယ်တံခွန်ကိုအမြီးရှည်လျားစွာတန်းလျှက်

      တွေ့မြင်ကြရသည်။

၁၂။ ခရစ်၁၈၈၅ခုနှစ်အတွင်း မိုးကောင်းကင်တစ်ခုလုံး

      ရဲရဲနီလျှက်ရှိသည်ကို မကြာခဏမြင်ကြရသည်။

၁၃။သီပေါမင်း ပါတော်မူ၍ နန်းတွင်းမှ ဆင်းလုဆဲအ

      ချိန်တွင်မှန်နန်းဆောင်ဘမယာသနပလ္လင်မှ ထီးဖြူ

       တော် လှုပ်ယမ်းနေသည်ကိုတွေ့ရသည်။

၁၅။ ခရစ်နှစ်၁၈၈၅ခုနှစ်နိုဝင်ဘာလ၂၇ရက်နေ့(ပါတော်

       မမူမီ၂ရက်အလို)တွင် ကောင်းကင်မှကြယ်များအ

       များအပြားကြွေကျလာသကဲ့သို့မြင်ကြရသည်။


စာကိုး။       ဒေါက်တာသန်းထွန်း"သမိုင်းထဲကဒီဇိုင်း"

                  တင်နိုင်တိုး"ရာဇဝင်ထဲကဖြစ်ရပ်ဆန်းများ"

                  တို့မှကောက်နှုတ်ဖော်ပြပါသည်။


#CRDဆရာကိုဖိုးကျော်

#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck

No comments:

Post a Comment

Made in Burma ဆိုပြီး မြန်မာပြည်ကပစ္စည်းတွေ တကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်

  တချိန်က မြန်မာပြည်မှာ ဒီဇွန်းတွေ(ပုံ၁) ထုတ်လုပ်ခဲ့နိုင်တယ်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း လက်ထက်ကစလို့ စက်ရုံ အလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး အ...