••••••••••••••••••••••••••••••••••••••••••••••••••
ရေးသားသူကိုဖိုးကျော်
မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အလင်္ကာ
ကျော်စွာဘွဲ့ပိုင်ရှင်အမျိုးသမီးမှာဂီတမိခင်ကြီးဒေါ်စောမြ
အေးကြည်ဖြစ်သည်။ အလင်္ကာကျော်စွာဘွဲ့ချီးမြှင့်ခဲ့
သည့်သမိုင်းတွင် ဆရာဦးဘကလေးပြီးနောက် ပဉ္စမ
မြောက် ဘွဲ့ပိုင်ရှင်ဖြစ်ကာ အမျိုးသမီးတစ်ယောက်အ
နေဖြင့် ပထမဆုံးနှင့်တစ်ဦးတည်းသာ ရရှိခဲ့သူဖြစ်၏။
ဖခင်မှာ သီပေါမင်းလက်ထက်ဗြဲတိုက်သံတော်ဆင့်အ
ရာရှိ ဦးမောင်မောင်တင်ဖြစ်ပြီး မိခင်မှာစောလှထိပ်
ခေါင်တင် မင်းသမီး၏ဘဏ္ဍာစိုး ခင်ဖွားဖြစ်သည်။
၁၈၉၁ ခုနှစ်တွင်ဖွားမြင်၍ ငယ်မည်မှာ ခင်စိန်
ကြည်ဟုတွင်သည်။ငယ်စဉ်အသက်၁၂နှစ်သမီးအရွယ်
မှစတင်၍ သီပေါမင်း၏ဝဲဘက်အဆိုတော်မဓုသဒ္ဒရွှေ
တောင်ကျော်သူဘွဲ့ခံ ဦးလူကြီးထံတွင်မိဘများကအပ်
နှံ၍အဆိုပညာကိုသင်ယူစေသည်။ သီပေါမင်းပါတော်
မူပြီးနောက် နန်းတွင်းရှိ အဆိုအကအရေးအတီးပညာ
ရှင်များကို အနုပညာလေးစားမြတ်နိုးသည့် သီပေါစော်
ဘွားကြီး ဆာစောချယ်ကခေါ်ယူကာ သူ၏ဟော်နန်း
တွင်အမှု့ထမ်းစေသည်။ ထို့ပြင် ဆာစောချယ်က ထို
စဉ် အသက်၁၃နှစ်အရွယ် ခင်စိန်ကြည်၏ ဂီတဝါသ
နာနှင့်မိဘမျိုးရိုးကိုနှစ်သက်သဖြင့် ကောက်ယူကာ
အလွန်မြတ်နိုးချစ်ခင်လှသဖြင့် "စောမြအေးကြည်
သခင်မ"ဟုဘွဲ့ပေးခြင်းခံရပြီး စော်ဘွားကတော်
ဖြစ်လာခဲ့ပေသည်။
ဒေါ်စောမြအေးကြည်သည် သီပေါဟော်နန်း
တွင်စောင်းဆရာကြီးဒေဝဣန္ဒာထံမှစောင်းပညာသင်
ကြားခဲ့ပြီး သဘင်အကပညာကိုပန်းဆက်ခင်လေး
ဒေါ်ယင်းတော် ဒေါ်ဆင်ခိုးထံမှသင်ယူသည်။အဆို
ပညာရှင်များဖြစ်သည့်တပါယ်ခင်ဥ တပါယ်ခင်သစ်
တို့ထံမှလည်း အဆိုပညာရပ်များကိုလေ့လါသင်ယူ
ခဲ့ရပြန်သည်။အခြေခံပိုင်နိုင်ပြီး သဘင်ပညာရှင်များ
ထံထပ်၍ထပ်၍နည်းယူဖြည့်တင်းခဲ့ရသဖြင့် ဆို-က
ရေး-တီး အနုပညာရှင်ကြီးတစ်ဦးဖြစ်လာခဲ့လေသည်။
သီပေါဟော်နန်း၌ နန်းတွင်းသဘင်ပညာရှင်များအပြင်
စောင်းဆရာငြိမ်း(အလင်္ကာကျော်စွာ) ဆိုင်းစိန်ဘ
မောင်(အလင်္ကာကျော်စွာ) ဂရိတ်ဦးဖိုးစိန် ဘာဂျာ
ဆရာလွှား တယောဦးတင် အသက်၁၂နှစ်သားအရွယ်
ဂီတပညာသင်မောင်အေး(နောင်တွင်အလင်္ကာကျော်
စွာဆရာရွှေပြည်အေး)တို့နှင့်အခြားပညာရှင်အများ
အပြားလည်းလာရောက်နေထိုင်ခဲ့ကြဖူးသည်။
တယောဦးတင်(နောင် ရကန်ဦးတင်)နှင့်မောင်
အေး(ရွှေပြည်အေး)တို့သည် ဒေါ်စောမြအေးကြည်
ထံမှ ဂန္ဓဝင်သီချင်းကြီးများကို သင်ယူခဲ့ကြသည်။ဒေါ်
စောမြအေးကြည်သည် မိုးဒေဝါပတ်ပျိုး ကိုရေးသား
ခဲ့ရာ ပတ်ပျိုးစာသားကောင်းခြင်းကိုဆရာကြီးသခင်
ကိုယ်တော်မှိုင်းကပင်ဖွဲ့နွဲ့ချီးကျုးဂုဏ်ပြုခံရသည်။ဒေါ်
စောမြအေးကြည်သည် ဝါသနာချင်းတူသူ တယော
ဦးတင်နှင့်နောင်တွင် ဒုတိယအိမ်ထောင်ထူခဲ့သည်။
ရွှေဘိုသို့သွားရောက်ကာ အဝေးရောက်မင်းဦးအောင်
ကြီးထံသို့လည်း ဂီတပညာစာပေတို့ကိုလေ့လာဆည်း
ပူးခဲ့ရာ ပညာကိုမက်မောစွာသင်ယူခဲ့သူဖြစ်၍ ပညာ
ပြည့်ဝသူလည်းဖြစ်သဖြင့် ဂီတမိခင် ဟုဂီတလောက
တစ်ခုလုံးက လေးစားကြည်ညိုခြင်းခံရသူဖြစ်သည်။
အဆိုပညာတွင် နရည်ခေါ်စည်းဝါးနယ်နိမိတ်
အတွင်း အတီးဆရာကြိုက်နှစ်သက်သလို အနှေးအ
မြန်နရည်ပြောင်းလဲတီးချင်သလိုတီးစေ မူလသီချင်း
စာသားကိုပင် ရစ်ပတ်လှည့်လည်ခြင်းအားဖြင့် သာ
ယာနာပျော်ဖွယ်ကဏ္ဏသုခဖြစ်အောင်သီဆိုနိုင်သည်
ဖြစ်၍ တူရိယာပညာရှင်များက"နရည်ကောင်းသူ"အ
ဖြစ်ခေါ်စမှတ်ပြု၏။ အတီးပညာတွင်လည်း ဆရာ
ကောင်းများကိုသိမှီသင်ယူခဲ့ရသဖြင့် ဒေဝဣန္ဒာမူ ဦး
ဖူးခေါင်မူ စသဖြင့် တစ်နည်းနှင့်တစ်နည်းမတူအောင်
လက်တွေ့တီးပြနိုင်သူဖြစ်သည်။ အသက်၂၀ကျော်
အရွယ်ကပင် ပုံထောက်သံ ရေကင်းသံ အိုးစည်သံ
လေးချိုး ဒွေးချိုး တေးထပ် သီချင်းများကို ကိုယ်တိုင်
ရေးသားစပ်ဆိုနိုင်ခဲ့သည်။ မိုးဒေဝါ.လမင်းသော်တာ.
မိုးပဇ္စုန် စသောပတ်ပျိုးများမှာယနေ့တိုင်ထင်ရှားခဲ့၏။
ဤသို့အဆို အက အရေး အတီး စွယ်စုံပြောင်မြောက်
ကျွမ်းကျင်စွာတတ်မြောက်သူဟူ၍ မြန်မာ့ဂီတသမိုင်း
တွင်အလွန်ရှားပါးသည့်အနုပညာရှင်ကြီးပင်ဖြစ်သည်။
မိမိဆည်းပူတတ်မြောက်ထားသော ပညာများ
ကိုလည်း အနုပညာလေးစားမြတ်နိုးသူတို့အားပြန်
လည်ပေးဝေဖြန့်ဖြူ းခဲ့သည်။ဒုတိယကမ ္ဘာစစ်မတိုင်မီ
က အစိုးရပန်းချီနှင့်တူရိယာဂီတကျောင်းတွင် နည်းပြ
ဆရာမအဖြစ်လည်းကောင်း စစ်ပြီးခေတ်တွင်ဒီးဒုတ်
ဦးဘချို(ပြန်ကြားရေးဝန်ကြီး)၏တာဝန်ပေးချက်အရ
မြန်မာ့ဂီတပြန်လည်ထွန်းကားရေးအဖွဲ့တွင်တာဝန်
ယူ၍လည်းကောင်း လွတ်လပ်ရေးရပြီးခေတ်တွင်
ရေဒီယိုမှ ဂီတသင်ခန်းစာများကိုပို့ချပေးခြင်းဖြင့်
လည်းကောင်း သီချင်းကြီးမူမှန်ဖြစ်ရေးအဖွဲ့တွင်အဖွဲ့
ဝင်တစ်ဦးအဖြစ်လည်းကောင်း ဂီတအနုပညာနှင့်ပက်
သက်၍တတ်စွမ်းသမျှ ပေးဝေတာဝန်ယူခဲ့သည်။
၁၉၅၂ခုနှစ်တွင် နိုင်ငံတော်အစိုးရမှအလင်္ကာ
ကျော်စွာဘွဲ့ ပေးအပ်ချီးမြှင့်ခံရသည်။၁၉၅၃-၅၇ အထိ
ကံဘဲ့ဆရာအတတ်သင်ကျောင်းတွင် ဂီတ ကထိက
အဖြစ်အမှု့ထမ်းနေစဉ် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်
တက္ကသိုလ်က အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်
ဘီအေဘွဲ့ကို ပေးအပ်ချီးမြှင့်ခံရသည်။ ထိုဘွဲ့မှာ
လည်းထိုစဉ်ကမြန်မာနိုင်ငံတွင်ဒေါ်စောမြအေး
ကြည်တစ်ဦးသာ ရရှိခဲ့သည်။ထို့နောက် သမိုင်း
ကော်မရှင်တွင် ဂီတသုတေသီရာထူးဖြင့် တာဝန်
ထမ်းဆောင်ခဲ့ပြီး ၁၉၆၇ ခုနှစ် အသက် ၇၆ နှစ်
အရွယ်တွင် အလင်္ကာကျော်စွာဒေါ်စောမြအေး
ကြည် (ဘီအေ)ကွယ်လွန်ခဲ့ပါ၏
ဂီတ အဆိုအကပညာရပ်တို့နှင့်ပက်သက်သည့်
မှတ်တမ်း မှတ်စု နှင့်စာအုပ်များရေးသားခဲ့ပါသည်။
စာကိုး။ အလင်္ကာကျော်စွာဒေါ်စောမြအေး
ကြည်(ဘီအေ)ရေး "ဂီတနှင့်အက"
စာပေဗိမာန်ထုတ် ။ နန္ဒာမိုးကြယ်၏
သိသင့်သိစရာသမိုင်းဝင်ဖြစ်ရပ်များ
တို့မှ ကောက်နှုတ်ဖော်ပြပါသည်။
#CRDKNMP
#နော်ဂဲလယ်ထူး(စာပေပရဟိတ)
#GoodLuck
No comments:
Post a Comment