အဲ့ဒီနမ့်ခမ်းဆိုတဲ့ နယ်စပ်မြို့လေးမှာ အလွန်တရာ နာမည်ကျော်ကြားတဲ့ ဆေးရုံလေးရယ် အလွန်ကောင်းတယ်ဆိုတဲ့ သူနာပြုသင်တန်းကျောင်းရယ် ခမ်းခမ်းနားနားကြီး ရှိနေခဲ့ပြီး အဲ့ဒီဒေသတဝိုက်က ကချင်တွေ ရှမ်းတွေ လီဆူးတွေ ရဝမ်တွေ ပလောင်တွေ တရုတ်တွေရယ်တင်မက ဒုတိယ ကမာစစ် ဖြစ်လာတဲ့ အခါ အမေရိကန်စစ်သားတို့ရဲ့ အားကိုးရာ ဆေးရုံတစ်ခု ဖြစ်လာခဲ့တော့တယ်။
အဲ့ဒီဆေးရုံကို ဦးစီးတည်ထောင်သူကတော့ အမေရိကန်လူမျိုး မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တဲ့ ဂေါ်ဒွန် ဆီးဂရေ့ Gordon Stifler Seagrave ပါပဲ။ ဆီးဂရေ့ရဲ့ အဖေက အမေရိကန်လူမျိုး သာသနာပြုတစ်ယောက်ပါပဲ။ ဆီးဂရေ့ဟာ မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာပဲ ကြီးပြင်းခဲ့ပြီး သူရဲ့ ကလေးတုန်းက စပြောတဲ့ စကားကတောင် အမေရိကန် အင်္ဂလိပ်စကား မဟုတ်ခဲ့ပဲ ကရင်စကား ဖြစ်လို့နေပါတယ်။ ဆီးဂရေ့က မြန်မာပြည်ကို သိပ်ချစ်ခဲ့ပြီး မြန်မာပြည်သည်သာ သူ့ရဲ့ မိခင်တိုင်းပြည်လို့ ခံယူခဲ့ပါတယ်။
ဆီးဂရေ့ အရွယ်ရောက်လာတော့ အမေရိကန်နိုင်ငံက နာမည်ကျော် ဂျွန်ဟော့ကင်း တက္ကသိုလ်ကနေ ခွဲစိတ်အထူးကု ဖြစ်လာခဲ့တယ်။ သူဆရာဝန် ဖြစ်တာနဲ့ နမ့်ခမ်းကို ပြန်လာခဲ့တယ်။ အဲ့ဒီမှာ သူဆေးရုံထောင်တယ်။ သူရဲ့ နမ့်ခမ်းဆေးရုံဟာ အဲ့ဒီခေတ်အဲ့ဒီအခါက နမ့်ခမ်းနယ်တဝိုက်က လူတွေရဲ့ အသက်ပေါင်းများစွာကို အနောက်တိုင်း ဆေးပညာ ခွဲစိတ်ပညာနဲ့ ကုသပေးနိုင်တဲ့ ဒိတ်ဒိတ်ကြဲ ဆေးရုံ ဖြစ်လာခဲ့တာပေါ့။ ဒါပေမယ့် ဒီလောက်ခေါင်တဲ့ ဒေသမှာ သူတစ်ယောက်ထဲ ရုန်းကန်ခွဲစိတ်ကုသရတာ ဆေးဝါး ဆေးပစ္စည်းအခက်အခဲတွေ အများကြီးပေါ့ဗျာ။ ဒါတွေကို ဘယ်သူက ကြိုးစားကူညီလဲဆိုတော့ သူ့အမျိုးသမီး အမေရိကန်လူမျိုး Marion Grace ရယ် … ဆီးဂရေ့ရဲ့ သူနာပြုဆရာမကြီးရယ်။
သူတို့ဟာ နမ့်ခမ်းမှာ စီးဆင်းနေတဲ့ နမ့်စရီချောင်းထဲက ကျောက်တုံးတွေကို ဒေသခံလူအင်အားနဲ့ ဆယ်ယူပြီး တစ်တုံးချင်းကနေ ဆေးရုံဖြစ်အောင် ဆောက်ကြရတယ်။ ဆေးရုံအဆောင် အသွယ်သွယ်နဲ့ သူနာပြုသင်တန်းကျောင်း အားလုံးဟာ နမ့်ခမ်းရဲ့ သဘာဝကျောက်တုံးတွေချည်းပါပဲ။ ကျောက်တုံးနဲ့ဆောက်တဲ့ ဆေးရုံ အဆောက်အဦးတွေက ရွှေလီမြစ်ကမ်းဘေးမှာ အများကြီးမှ အများကြီး အဆောင်ဆောင် အခန်းခန်းပါပဲ။ ဘယ်လောက် အားစိုက်ထုတ်ခဲ့ရသလဲဆိုတဲ့ သက်သေတွေပဲ။
ဒီအကြောင်းတွေကို ဆီးဂရေ့က Burma Surgeon ဆိုတဲ့ သူရဲ့ နာမည်ကျော်စာအုပ်မှာ တောထဲတောင်ထဲက ဆေးရုံရဲ့ အခက်အခဲတွေ … မရှိရှိတဲ့ကြားက ခက်ခက်ခဲခဲ ဆေးကုသရပုံတွေကို ရေးပြီး မှတ်တမ်းတင်ခဲ့ပါတယ်။
ဆီးဂရေ့ဟာ အဲ့ဒီဒေသမှာ တစ်ဦးတည်းသော ဆရာဝန်ဖြစ်လေတော့ သူ့ကို ကူညီဖို့ သူနာပြုတွေကို သူကိုယ်တိုင်ပဲ လေ့ကျင့်မွေးထုတ်ရတယ်။ သူတို့တွေဟာလဲ Burma nurse ဆိုပြီး နာမည်ကျော်ခဲ့ပါတယ်။ ဒီဖက်ခေတ် ၁၉၈၀ ၁၉၉၀ ကျော်အထိ ဆီးဂရေ့ရဲ့ လေ့ကျင့်သင်ကြားမှု ခံယူခဲ့ရတဲ့ သူနာပြုဆရာမကြီးတွေကို တွေ့နေရတုန်းပဲဆိုပြီး ဆရာကြီး ဦးခင်မောင်အေးက ပြန်ပြောပြခဲ့ပြီး အဲ့ဒီသူနာပြုတွေဟာ သူတို့က်ုယ်သူတို့ နမ့်ခမ်း trained / နမ့်ခမ်းရဲ့ သူနာပြုတွေအနေနဲ့ သိပ်ဂုဏ်ယူကြတယ်လို့ သိမှတ်ရပြန်ပါတယ်။
ဆီးဂေရေ့ဟာ ၁၉၂၂ ကနေ နမ့်ခမ်းမှာ သူကိုယ်တိုင် ဆေးရုံတည်ထောင်ပြီး အလုပ်လုပ်လိုက်တာ ဒုတိယ ကမာစစ် ဖြစ်လို့ ဂျပန်တွေ မြန်မာပြည်ဝင်လာချိန်မှာတော့ အမေရိကန် ဗိုလ်ချုပ် စတီးဝဲလ် ဦးစီးတဲ့ တရုတ် အမေရိကန်တပ်တွေနဲ့အတူ တရုတ်ပြည်ကို ဆုတ်ခွါခဲ့ပါတယ်။ အမေရိကန် တပ်မတော်ရဲ့ စစ်ဆရာဝန်အဖြစ် အမှုထမ်းခဲ့ပြီး သူနဲ့ သူရဲ့ သူနာပြုတွေဟာ တရုတ် မြန်မာ စစ်နယ်ဝမ်းမှာ မဟာမိတ်စစ်တပ်အတွက် အဓိက ဆေးတပ်ဖွဲ့ အနေနဲ့ စွမ်းစွမ်းတမံ ကုသပေးခဲ့ပြီး ဒုတိယ ကမာစစ်ကြီးပြီးတဲ့အခါ နမ့်ခမ်းကို ပြန်ပြီး နဂိုမူလ ဒေသခံတွေကို ဆေးကုတဲ့ အလုပ်ကို ဆက်လုပ်ပြန်ပါတယ်။
အဲ့ဒီအချိန်မှာတော့ မြန်မာပြည် လွတ်လပ်ရေးရပြီး လက်နက်ကိုင် ပြဿနာတွေ ဖြစ်ပွါးနေပါပြီ။ ဖဆပလ ဦးနု အစိုးရလက်ထက် ၁၉၅၀ မှာ ကချင် သူပုန်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားအစွဲခံခဲ့ရပါတယ်။ တရားရင်ဆိုင်မလား အမေရိကန် ပြန်မလားလို့ အစိုးရက ရွေးစရာပေးတဲ့အခါ ဆီးဂရေ့က အမေရိကန်မပြန်ဘဲ တရားရင်ဆိုင်ဖို့ ရွေးချယ်ခဲ့တာကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ အစိုးရက သူဟာ ဆရာဝန်တစ်ဦး လုပ်ရမယ့် ဆေးကုသခြင်းကိုသာ လုပ်ဆောင်တယ်ဆိုပြီး အပြစ်မရှိလို့ ပြန်လည်သတ်မှတ်ခဲ့ကာ ၆ လအကြာမှာ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လွှတ်တာနဲ့ နမ့်ခမ်းကို ပြန်ခဲ့ပြီး ဆေးကုသမှု လုပ်ငန်းတွေကို အရင်လိုပဲ ပြန်လုပ်ကိုင်ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဦးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းကာ တတိုင်းပြည်လုံးက ပုဂ္ဂလိက ဆေးရုံတွေကို ပြည်သူပိုင် သိမ်းယူခဲ့ပေမယ့် ဦးနေဝင်းဟာ ဆီးဂရေ့ရဲ့ နမ့်ခမ်းဆေးရုံကိုတော့ ဆီးဂရေ့ သေဆုံးတဲ့ ၁၉၆၅ ခုနှစ်အထိ ပြည်သူပိုင် သိမ်းယူခြင်း မပြုဘဲ ခွင့်ပြုထားခဲ့ပါတယ်။
ဆီးဂရေ့ ၁၉၆၅ မှာ ဆုံးပါးသွားပြီးတဲ့ နောက်မှာတော့ အစိုးရက ပြည်သူပိုင် သိမ်းယူခဲ့ကာ ယနေ့အချိန်အထိ နမ့်ခမ်းပြည်သူ့ဆေးရုံ… နမ့်ခမ်းသူနာပြုသင်တန်းကျောင်းဟာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ ဆက်လက် လည်ပတ်နေတုန်းပါပဲ။
ဆီးဂရေ့ ကိုယ်တိုင်ရယ် .…သူ့ဇနီး …သူ့ကလေးလေးရဲ့ အုတ်ဂူရယ် … ဆီးဂရေ့ရဲ့ ညာလက်ရုံး သူနာပြုဆရာမကြီးရဲ့ အုတ်ဂူရယ်ကတော့ သူတို့ချစ်တဲ့ နမ့်ခမ်းဆေးရုံလေးနားက မိသားစု သုသာန်လေးမှာ ယခုတိုင် ငြိမ်းချမ်းစွာ လဲလျောင်းနေတုန်းပါပဲ။
#Drmyothetaung
#Drmyo
#CRDPiterThan
#နော်ဂဲလယ်ထူး(စာပေပရဟိတ)
#GoodLuck
No comments:
Post a Comment